ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။
ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။
နေပူရင်ပူ.
လေတိုက်ရင်အေး.
ရွှေမြို့တော် လမ်းပေါ်ဈေး
ရောင်းတဲ့လေဘေး..
ရှုံးပြီလို့မပြောပါနဲ့ဦး..။
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။
အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး..။
ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင်..။
စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။
(ဆရာမင်းလူရဲ့ နောက်ဆုံးထွက်ရှိထားသော “ပြန်ခေါ်သက်သေ” လုံးချင်း ဝတ္ထုမှ)
ခေါင်းငုံ့နေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ
ငြိမ်နေတာ ကြောက်ရွံ့နေလို့
မဟုတ်ပါ
အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ
သင်၏ အောက်သို့ကွေးညွှတ်၍
တရွရွလှုတ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း
စိုးရိမ်နေသော
မျက်ဝန်းများကြောင့်လည်းကောင်း
တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း
အရာရာတို့၌
ခံပြင်းစွာ
နာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်
ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ
(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်
မနက်ခင်းဆီက၊ စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လည်ခင်း
သင်း ပြန်တက်လာ။
ညနေစောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
စုန်ချိန်မှာ စုန်ပြန်ရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။
အိုအချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ။ ။
// ဖျာပုံ စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁။
ချောင်းမကို ဝင်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ဝဲကြီးပါလား။
ဒီသရဲ ဝဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင်စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။
အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ပဲ၊ ဝဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမဲ့၊ ဝင်လိုက်မယ်ကွဲ့။
ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။
ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လည်း၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။ ။
// ငွေတာရီ၊ အမှတ် ၁၂၃၊ စက်တင်ဘာ ၁၉၇၀။
ကမ်းစပ်မှာထိုင်
ကျူမကိုင် မှိုင်ငေးလို့၊ အဝေးကိုကြည့်။
ကျူရိုးရှင် ပီပီသေးရယ်၊ တေးဆိတ်လှချည့်။
အိုအချင်း မဗေဒါ။
ငါ မငိုင် ငါ မငေး၊ ဝေးရပ်ကိုသာ။
ဓနိတန်း အထက်မှာ၊ အာကာသ ပြာလဲ့။
ကသိုဏ်းပုံ အာရုံနဲ့၊ ရွှန်းပီတိနဲ့။
အိုအချင်း မင်းပီပီ။
ထက်ကောင်းကင် ပြာလဲ့ဝင်းမှာ
မင်းမွေ့တတ်ပြီ။
ချောင်းလောက သီကရီ၊ မသီတော့ပြီလော။
မင့်ဘာသာ တစ်ကိုယ်ထူ၊ ကြည်နူးအံ့လော။
သီပါ တဲ့ မြည်ပါ။
ဒီချောင်းမြေ ဒီရေအရေး၊ တေးဆိုသင့်ပါ။
ဆန်စဉ်လည်း မယ်နားနာ
စုန်လာလည်း နာမှာပဲ။
နာရင်းသာ စုန်ဆန်မြဲ၊ ချောင်း ဒီရေထဲ။ ။
// ငွေတာရီ၊ အမှတ် ၁၁၆၊ ဖေဖော်ဝါရီ ၁၉၇၀။
ဒီချောင်းမှာနေ၊ ဒီရေမှာ သူကြီး။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။
ဒီတက်ချိန်တန်၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ၊ မြူးတတ်လေခြင်း။
ဒီတက်ချိန်ကုန်၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ၊ လှတတ်လေခြင်း။
မတွေ့ချင် မြမင်ချင်၊ မဝင်ချင်သော်လည်း။
ဝင်လိုက်တယ် မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။
မကွဲချင် မကွာချင်၊ မခွာချင်သော်လည်း။
ခွာလိုက်တယ် မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။
ဆန်သူလည်း မဗေဒါ။
စုန်လိုက်သူ ဆိုလျှင်လည်း၊ သင်းပဲ ဗေဒါ။
အဆန်ရဲ အမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။
ဝင်သူလည်း မဗေဒါ။
ခွာလိုက်သူ ဆိုလျှင်လည်း သင်းပဲ ဗေဒါ။
အဝင်ရဲ အမြဲသာ၊ အစဉ်သာ ခွာသည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။
// ငွေတာရီ၊ အမှတ် ၁၁၂၊ အောက်တိုဘာ ၁၉၆၉။
အနောက်ဖက်ဆီ၊ နေနီနှင့် တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ ချောင်းရှေ့ဖက်ကမ်း။
ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေ့ညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆန်ပေ့လေး တဲ့။
အိုအချင်း ကျူရိုးရှင်။
မင်းတို့ရှာ တစ်ဖက်ကမ်း၊ လမ်းကအမြင်။
မယ့်အနီး မယ့်ဝန်းကျင်
ချောင်းရေပြင် ကြည်လဲ့။
စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့
လမ်းရိုးပါကွဲ့။ ။
// ငွေတာရီ၊ အမှတ် ၁၁၁၊ စက်တင်ဘာ ၁၉၆၉။
ဒီ ကျချိန်တန်၊ အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ မျောတော့မယ်လား။
ချောင်းဖျားက ခါးတမာ
ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက်၊ လိုက်တော့မယ်လား။
အိုအချင်း ကျူရိုးရှင်။
ခါးတမာ သကာပျား၊ ခြားလိုဘုရှင်။
မယ့်ဒီချောင်းမှာလ
ချောင်းဖျားလည်း မယ့်အိမ်ပင်
ချောင်းဝင်လည်း မယ့်အိမ်ပဲ။
ဒီတက်ချိန်တန်
အိမ်ပြန်တယ် ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။
// ငွေတာရီ၊ အမှတ် ၁၀၃၊ ဇန်နဝါရီ ၁၉၆၉။