တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း။
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ဝဲထလို့ဝိုင်း။
ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူမြောက်လာ
သူမညှာ သူ မသနား။
ချောင်းတစ်ခွင် သူဝင်စ၊ ပြခဲ့သူ့အား။
သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေဝင်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။
မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင် အသိ။
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။
// ငွေတာရီ၊ အမှတ် ၉၁၊ ဇန်နဝါရီ ၁၉၆၈။