မယ့်ဖြစ်နည်း

မဗေဒါ သောင်စပ်က၊ လှောင်တတ်ပေလေး။

ကျူရိုးရှင် ပီပီအားနဲ့၊ လူကြွားတဲ့လေး။

 

လှောင်ရက်ပေ့ ဗေဒါခင်။

ဒီချောင်းရေ ကျွန်းမြေဖွား၊ ငါးငယ်မျှပင်။

ကျူရိုးတံရှင်၊ ကြွားချင်လို့ဟုတ်ဘဲ။

ရွက်ရိုးဖြူ ကျူပလွေနဲ့

ကျူရိုးဖေ ငယ်စဉ်ကတည်း၊ ကျွမ်းခဲ့လို့ပဲ။

 

မဗေဒါ သောင်စပ်က၊ လှောင်တတ်ပေလေး။

ကျူရိုးရှင် ပီပီကော့နဲ့၊ လူကြော့တဲ့လေး။

 

လှောင်ရက်ပေ့ ဗေဒါခင်။

ဒီချောင်းမြေ ချောင်းရေလမ်း၊ ပန်းလှပြာစင်။

ကျူရိုးတံရှင်၊ ကြော့ချင်လို့ဟုတ်ဘဲ။

ဒီလှိုင်း ထံတျာနဲ့

မဗေဒါ မယ့်ဟန်ပွဲ၊ လွမ်းခဲ့လို့ပဲ။

 

မဗေဒါ သောင်စပ်က၊ လှောင်တတ်ပေလေး။

ကျူရိုးရှင် ပီပီတေးနဲ့၊ လူငေးတဲ့လေး။

 

လှောင်ရက်ပေ့ ဗေဒါခင်။

နားမနေ ဒီရေစီးမှာ၊ ဟီးတိုက်လို့ပင်။

ကျူရိုးတံရှင်၊ ငေးချင်လို့ဟုတ်ဘဲ။

စုန်ချည် ဆန်ချည်နဲ့

ဗေဒါရီ မယ့်ဖြစ်နည်း၊ နွမ်းခဲ့လို့ပဲ။   ။

 

// မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

တိုးထွက်နိုင်မှ

နောက်ချောင်းက ပန်းနီလာ၊ ဗေဒါမ လား။

ရှေ့ချောင်းက ပန်းနီလာ၊ ဗေဒါမ လား။

ဒီဆိုင်ကျခါမှ

ချောင်းဝကို အရောက်ခဲ၊ တွဲတက်စို့လား တဲ့။

 

နောက်ချောင်းက ပန်းဗေဒါ၊ ဆန်လာပေါ့လေး။

ရှေ့ချောင်းက ပန်းဗေဒါ၊ ဆန်လာပေါ့လေး။

ဒီဆိုင်မှာ နှစ်ခိုင်ခဲပေမဲ့

မတွဲသာ ကြာလေဝေး၊ ဝဲကျော်ကြောင့်လေး။

 

ဝဲကျော်က မလော်မာပါ တဲ့။

ဒီအပြိုင် ဒီအဆိုင်ထဲ၊ ဝဲကတစ်ရာ။

ဒီအားကြောင့် မနားသာ၊ ပတ်ချာလည် ဘဝ။

ဝဲခွင် ဝင်သမျှ၊ တိုးထွက်နိုင်မှ။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

ဒီတရား

မတက်ရလျှင်တော့၊ တစ်သက်ပါ့ မခံပေါင်တဲ့။

ကနစို တုံးတိုသစ်က၊ ကြွေးဟစ်ရန်ထောင်။

မနက်က အသေကောင်

သူတောင်မှ တက်နိုင်သေး။

ငါတုံးတို ကနစိုသားပေပါ့

ချောင်းဖျားကို ခါတစ်ခေါက် ရောက်ရမယ်လေး တဲ့။

 

ဒီချောင်းမှာ ဒီတရား တဲ့

ကြားမှာပေါ့ ကျူရိုးရှင်။

ကနစို တုံးပျိုလှကို၊ နားချပါရှင်။

ဒီချောင်းကို ဝင်မိလျှင်

မထင်နဲ့ တစ်ခေါက်တည်း။

တက်တုံ သက်တုံနဲ့

တက်မကုန် သက်မစဲ၊ မောလောက်အောင်ပဲ။

 

ဒီချောင်းမှာ ဒီတရားတဲ့

ကြားမှာပေါ့ ကျူရိုးရှင်။

ကနစို တုံးပျိုလှကို၊ နားချပါရှင်။

ဒီချောင်းကို ဝင်မိလျှင်

တက်ချိန်တွင် ဆင်းနိုင်ပဲ။

ဆင်းချိန်မှာ တက်လိုလည်း၊ စောင့်ရစမြဲ။

 

မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလည်း။

ညဦးယံ ဒီပြန်တက်ပါလိမ့်

တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနည်း။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

လှလိုက်မှာပဲ

ဘုတ်မက အီ၊ ဒီရေကျ တေး။

မဗေဒါ မယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။

 

ဆင်းမယ်လော့ မဗေဒါ တဲ့။

ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။

ရေထဦးဆီက

အဖူးနဲ့ အငုံဟာ၊ ပွင့်ပါပေါ့ ခုများ။

ပွင့်ပြာမှာ ဝါလဲ့ဝင်းမှ၊ ဆင်းရမယ်လား။

 

အိုအချင်း ကျူရိုးရှင်။

စုန်ချည် ဆန်ချည်နဲ့

တစ်ပြန်စီ ဒီတရား၊ ကြားပါစရှင်။

တက်ချိန်ကျ တက်ခဲ့လျှင်၊ ဆင်းချိန်တွင် မနှေး။

ဒီချောင်းနေ ဗေဒါမျိုးမှာ၊ ရိုးလှပြီလေး။

 

အိုအချင်း ကျူရိုးရှင်။

ပွင့်ပြာမှာ ဝါလဲ့ဝင်းမှ၊ ဆင်းပြလိုက်ချင်။

အပွင့်ကားရယ်နဲ့

ချောင်းဖျားမှာ လှရွှေစင်

ချောင်းရေယဉ် လှပုလဲ။

ချောင်းဝမှာ မြတစ်ခဲ၊ လှလိုက်မှာပဲ။   ။

 

// ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံ မဂ္ဂဇင်း ၁၉၆၀

 

တင်းရပုံပဲ

ဖူးတံက ညိုတိုတို။

စုန်ရေ ဆန်ရေနဲ့

ဗေဒါဆွေ ရေအလှ၊ ချောင်းမတစ်ခို။

ရေငန်နဲ့ ရေချို၊ ဥဒဟိုမစဲ။

နေ့မရှောင် ညမအား၊ နားရရှာပဲ။

 

နားချင်လို့ ခါတစ်ရံ။

မဗေဒါ ရွာသူ့ပန်းပေမို့၊ ကမ်းကပ်မယ့်ကြံ။

အစုန်မှာ ကပ်ရပြန်၊ အဆန်မှာ ခွာရမြဲ။

အဆန်မှာ ကပ်လျှင်လည်း၊ စုန်ဆင်းတော့ ခွဲ။

 

ကပ်ပြန်ရ ဝမ်းမသာ၊ ခွာပြန်ရ ဝမ်းမနည်း။

မဗေဒါ စုန်ဆန်ရင်း၊ တင်းရပုံပဲ။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

ချောင်းတစ်ခွင်

ပွင့်ဖူးတံချီ၊ ဗေဒါရီတစ်မိ။

ချောင်းတစ်ခွင် သူဆန်သွား၊ ချောင်းဖျားအထိ။

 

တစ်ရွာကိုကျော်၊ တစ်ခေါ်လောက်စခန်း။

မဗေဒါ ဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

 

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း။

မဗေဒါ ယာဘက်ဘေး၊ တဲလေးအိမ်တန်း။

 

လေးအိမ်ကိုကျော်၊ တစ်ခေါ်လောက်စခန်း။

မဗေဒါ မယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း။

 

စားကျက်ကိုကျော်၊ တစ်ခေါ်လောက်စခန်း။

မဗေဒါ ဝဲယာလိုက်၊ တောဗျိုက်ဖြူတန်း။

 

ဗျိုက်တောကိုကျော်၊ တစ်ခေါ်လောက်စခန်း။

မဗေဒါ ပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း။

 

ရောက်ပြန်လျှင်ပျော်၊ ကျော်ပြန်တော့သူလွမ်း။

ရောက်တိုင်း တပျော်ပျော်နဲ့

ကျော်တိုင်းသာ သူ့မှာလွမ်း

ချောင်း ဗေဒါလမ်း။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

ပွင့်ဖူးတံချီ

အပြာမှာ အဝါကွက်ကယ်နဲ့

ဝိုင်းစက်စက် ရွက်ငယ်ရှင်။

မဗေဒါ ပင်လယ်အောက်က

ချောင်းပေါက်ကိုဝင်။

ချောင်းတစ်လျှောက် မယ့်လမ်းစဉ်

ယဉ်ပေစွတကား။

ဗေဒါဆွေ ဒီရေထဲမှာ၊ ရဲပေစွတကား။

 

ရေဆိပ်မှာတဲ့ ညံစီစီ။

ပျိုလေးတွေ လက်တစ်ကမ်း၊ ပန်းဆန်ခဲ့ပြီ။

လှမ်းကြပေါ့ မီ့တမီ၊ ကံသီလို့ တကတဲ။

ဗေဒါပျံ ကံကကြီး၊ ရေစီးကြောင့် လွဲ။

 

ခရုပတ် ဝဲငယ်ငယ်။

ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်။

မဖြစ်လို့ နှစ်တွယ်တွယ်၊ ဝဲလယ်က အနွဲ့။

မဗေဒါ ပတ်ချာလှည့်၊ လွှဲထွက်နိုင်ခဲ့။

 

လောင်းစပ်က ခပ်တက်ပြင်။

ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက်ပန်းပင်။

လှေဦးက ဘီလူးဝင်၊ လျင်နိုင်မှ လွတ်မြဲ။

ဗေဒါပျံ လှေနံယိမ်း၊ တိမ်းခဲ့သည်ပဲ။

 

ချောင်းဖျားက ငါး ငါးပျံ။

လတာရောင် အကောင်သေး၊ မှေးလိုက်ခဲ့ပြန်။

ဗေဒါက ဖောင်သဏ္ဌာန်၊ ငါးပျံက ဖောင်စီး။

ပြာဝါရောင် ဘယ်မညှိုး၊ ပိုးခဲ့မညည်း။

 

တက်ရေမှာ ဆန်၊ ကျပြန်တော့ စုန်ဆင်း။

ပွင့်ဖူးတံ တချီချီနဲ့

ဗေဒါရီ ဒီရေကြောမှာ၊ မျောတတ်လေခြင်း။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

ဗေဒါနှင့် ကျူပင်

မဗေဒါ၊ ဆန်လာပေါ့ အပြင်း။

ချောင်းကျယ်ကျယ် အလယ်ကျွန်း

ရေမွန်းလိုက်ရင်း။

 

ဗေဒါဆွေ၊ စုန်ရေနဲ့ ပြန်ဆင်း။

ချောင်းကျယ်ကျယ် အလယ်ကျွန်း

သောင်ထွန်းလိုက်ရင်း။

 

မဗေဒါ၊ ဆန်လာပေါ့ အတင်း။

နုန်းနှစ် လတာပြင်က

ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ပုန်းရပြန်ရင်း။

 

ဗေဒါဆွေ၊ စုန်ရေနဲ့ ပြန်ဆင်း။

နုန်းနှစ်လတာပြင်က

ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။

 

ကျူပင်ရိုးမှာတော့၊ ယိမ်းထိုးရ တခါခါ။

မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ။

လွှဲလိုက်ရ ဘယ်နဲ့ညာ၊ ရိုးတံညှာ ရွက်စိမ်း။

မနိုင့်တနိုင်နဲ့

ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ ယိမ်း။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

 

ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။

မဗေဒါ ပြာနွဲ့နှောင်းငဲ့

ချောင်းတန်တန် ရေငန်ရပ်မှာ၊ စွဲတတ်နိုင်အား။

 

သူ့စိတ်နဲ့ သူ့ကိုယ်။

ချောင်းတစ်ခွင် မြင်သမျှ၊ ချောင်းလှဖို့ကို။

ဘုတ်မက ချိုချင်ချို

ဗျိုင်းညိုက အောက်ချင်အောက်။

အုန်းညီနောင် စောင်းချင်စောင်း

ချောင်း ကောက်ချင်ကောက်။

 

သူ့လမ်းနဲ့ သူ့အမြင်

ချောင်းဒီရေ နေသမျှ၊ ချောင်းလှဖို့ပင်။

ချောင်းဖျားက ထက်တစ်ခွင်

ပင်လယ်က အောက်တစ်လွှား။

စုန်ချည် ဆန်ချည်နဲ့

တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။

 

ဒီချောင်းမှာသာ၊ ကြာချင်လှလေး။

ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့

ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)

သူ့လမ်းစဉ်

ကမ်းစပ်ကို မင်

လမုပင် အခြေကြီးနဲ့၊ အသီးတွေ ဖြိုး။

ကမ်းခြေကို ဒီရေတိုး၊ ပြိုလဲမှာစိုး။

 

ကမ်းစပ်ကို မင်

ဓနိပင် ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။

ဓနိခိုင် အလက်ထဲက၊ ခွဲရမှာစိုး။

 

ကမ်းစပ်ကို မင်

လတာပြင် ငါးပျံလူးလို့၊ ပျော်မြူးကြရိုး။

ဒီတက်လျှင် လတာနုန်း၊ ဒီဖုံးမှာစိုး။

 

စိုးပါဘု သူ့မူရာ။

ချောင်းတစ်ခွင် ပင်လယ်ဝက၊ ပန်းလှဗေဒါ။

ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။

စုန်ဆင်းချိန်မှဦ၊ စုန်လာနိုင်ပါဘိ။

သူ့လမ်းစဉ် သူမြင်ရဲ၊ သူစွဲတတ်ဘိ။   ။

 

// ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉ – ၁၉၆၀)